Thursday, February 15, 2018

သုတ္တန်များနှင့် မိတ်ဖွဲ့ခြင်း

လွန်ခဲ့သည့် ၃-နှစ်ခန့်က စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်ရိပ်သာ လူငယ်တရားစခန်းပွဲ တခု၏ Sutta Study အစီအစဉ်အတွက် သုတ္တန် ၅-ပုဒ်ကို ရွေးထုတ် ပေးခဲ့ဖူးသည်။ သုတ္တန်ကောက်နှုတ်ချက်များကို ဖတ်ကြ ဆွေးနွေးကြရန် ဖြစ်သည်။ Sutta Study ဟု အမည်ပေးထားသော်လည်း “သုတ္တန် လေ့လာချက်” သဘောမျိုးထက် သုတ္တန်များနှင့် မိတ်ဆက်ပေးရုံမျှလောက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူတဦးနှင့် တဦး မိတ်ဆက်ပေးပြီးနောက် တရင်းတနှီး မိတ်ဆွေ ဖြစ်သွားကြသည်လည်း ရှိသည်။ ရင်းနှီးမသွားဘဲ တွေ့ဖူး သိဖူးရုံမျှလောက်သာ ဆက်ဖြစ်နေကြသည်လည်း ရှိနိုင်ပါသည်။

လူငယ်အများစုသည် မြန်မာများ ဖြစ်ကြသော်လည်း မြန်မာစာကို ဖတ်နိုင်သူက နည်း၍ အင်္ဂလိပ်စာကို ပို၍ အကျွမ်းဝင်ကြသည်။ ထို့ကြောင့် သုတ္တန်များကို အမေရိကန် ရဟန်းတော် Bhikkhu Bodhi နှင့် Ṭhānissaro Bhikkhu တို့၏ အင်္ဂလိပ်ဘာသာပြန်များကို အဓိက မှီငြမ်း၍ သုတ္တန် ကောက်နှုတ်ချက်များနှင့် ဆွေးနွေးရန် မေးခွန်းများကို ပြင်ဆင်ဖြစ်ခဲ့သည်။ ရွေးထုတ်ခဲ့သည့် သုတ္တန် ၅-ပုဒ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

1. Danger of Lying and Importance of Constant Reflection on Actions (MN61: Ambalaṭṭhikarāhulovāda Sutta)
2. Three Wrong Views Regarding Karma (AN3.62 Titthāyatana Sutta)
3. Present Welfare and Future Welfare (AN8.54 Dīghajāṇu Sutta)
4. Protecting Onself and Protecting Others (SN47.19 Sedaka Sutta)
5. Dealing with Destructive Thoughts (MN20 Vitakkasaṇṭhāna Sutta)

၇-နှစ်သားအရွယ် သားတော် ရာဟုလာကို ဟောကြားခဲ့သည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် ကျောင်းသားအရွယ် လူငယ်များနှင့် သင့်တော်မည်ဟု ယူဆသဖြင့် ရွေးချယ်ဖြစ်ခဲ့သည်။ သုတ္တန်၏ ပထမပိုင်းတွင် အပျော်သဘောဖြင့် ဖြစ်စေ လိမ်ညာ မပြောရန်နှင့် ဆုံးမထားသည်။ သုတ္တန်၏ ဒုတိယပိုင်းတွင် ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အမှုတို့ကို မပြုမီ၊ ပြုဆဲ၊ ပြုပြီး ကာလသုံးပါးလုံးတွင် မိမိနှင့် သူတပါးတို့ကို ထိခိုက်ပျက်စီးစေသလောဟု သုံးသပ်ဆင်ခြင်ရန် ဟောကြားထားသည်။ အကယ်၍ မိမိ (သို့မဟုတ်) သူတပါးကို ထိခိုက်ပျက်ပြားစေသည့် မကောင်းမှုမှန်း သိပါက၊ မပြုလုပ်ရသေးလျှင် မပြုဘဲနေရမည် ဖြစ်သည်။ ပြုလုပ်ဆဲ အမှုဖြစ်ပါက ဆက်လက် မပြုဘဲ ရပ်တန်းက ရပ်ရမည်။ ပြုပြီးသောအမှု ဖြစ်ပါက မိမိ၏ အပြစ်ကို ဝန်ခံ၍ နောင်တွင် မပြုမိစေရန် စောင့်ထိန်းရမည်ဟု ဟောကြားထားသည်။ အသောကမင်းကြီး၏ ကျောက်စာများအနက် ကျောက်စာတခုတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်စွာ တည်တန့်နိုင်စေရန်အတွက် လူနှင့် ရဟန်းတို့ လိုက်နာကျင့်သုံးသင့်သည့် သုတ္တန်များ စာရင်းကို ကမ္ပည်း ရေးထိုးထားရာ အမ္ဗလဋ္ဌိက-ရာဟုလောဝါဒသုတ်လည်း ပါဝင်သည်။ ဗုဒ္ဓအဆုံးအမများတွင် ဤသုတ်၏ အရေးပါမှုကို မှန်းဆ ကြည့်နိုင်သည်။

ဗုဒ္ဓအဆုံးအမအရ ကံသည် ရည်ရွယ်ချက်ပါဝင်သည့် လုပ်ဆောင်မှုများ (intentional actions) ဖြစ်သည်။ (သိလျှက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ) ရည်ရွယ်ချက်ပါဝင်သည့် ကိုယ်နှုတ်စိတ် ၃-ပါး လုပ်ဆောင်မှုများ ဖြစ်သည်။ ကံတရားသည် ပစ္စုပ္ပန်ရှုထောင့်အရ လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုလျှင်၊ အနာဂတ်ရှုထောင့်အရ ထိုလုပ်ဆောင်ချက်၏ အကျိုးဆက်များ (consequences) တနည်း ကံ၏ အကျိုးတရားများနှင့် ဆက်နွယ်နေမည် ဖြစ်သည်။ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်သည် အကျိုးဆက်များကို ဆင်ခြင်သုံးသပ်၍ ပစ္စုပ္ပန် အကြောင်းကံကောင်းစေရန် ဆုံးမသြဝါဒပေးသည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

မိမိတို့၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် မိမိတွင် တာဝန်ရှိသည်။ အနာဂတ်သည် ပစ္စုပ္ပန်လုပ်ဆောင်မှုများ၏ ဆိုးမွေ ကောင်းမွေကို လက်ခံရသည်။ ထို့အတူပင် ပစ္စုပ္ပန်သည် အတိတ်က လုပ်ဆောင်မှုများ၏ ဆိုးမွေကောင်းမွေကို လက်ခံရသည်။ “ကမ္မ” သည် မိမိတို့၏ ကောင်းဆိုး လုပ်ဆောင်မှုများဖြစ်၍ “သက” သည် ကိုယ်ပိုင်ဥစ္စာဖြစ်သည်။ မိမိတို့ ပြုသော အမှုများ၏ အကျိုးဆက်ကို မိမိတို့ ပိုင်ဆိုင်သည်၊ မိမိတို့ လုပ်ဆောင်မှုများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟူသော အမြင်ကိုပင် ကမ္မဿကတ အမြင်ဟု ဆိုရသည်။ လောကတွင် ကမ္မဿကတအမြင်နှင့် ဆန့်ကျင်သည့် အမြင်မှားများ ရှိသည်။ ကမ္မဿကတအမြင်နှင့် ထိုအမြင်မှားတို့၏ ခြားနားချက်ကို နားလည်သဘောပေါက်မှသာလျှင် မှန်ကန်သည့် ကမ္မဿကတအမြင် ရနိုင်သည်။ Sutta Study အစီအစဉ်အတွက် ဒုတိယမြောက် သုတ်အဖြစ် ရွေးချယ်ခဲ့သည့် တိတ္ထာယတနသုတ်သည် ကံတရားနှင့် ပတ်သက်သည့် အမြင်မှား သုံးမျိုးကို Responsibility ရှုထောင့်မှ ငြင်းပယ်ထားသည့် သုတ်ဖြစ်သည်။

မျက်မှောက်တွင် တွေ့ကြုံခံစားနေရသမျှသည် (၁) အတိတ်ကပြုခဲ့သော ကံများကြောင့် (ပုဗ္ဗေကတဟေတု) ဖြစ်သည်ဟု အချို့က ယူဆသည်။ (၂) ဘုရားသခင်က ဖန်ဆင်းသောကြောင့် (ဣဿရနိမ္မာနဟေတု) ဖြစ်သည်ဟု အချို့က ယုံကြည်သည်။ (၃) အကြောင်းမရှိဘဲ သူသဘောအလျှောက် (အဟေတုက) ဖြစ်ရသည်ဟု အချို့က ဆိုသည်။ ပထမအမြင်အရ ဆိုလျှင် လူသတ်သမား တယောက်သည် မိမိ၏ အတိတ်ကံကြောင့် လူသတ်သမား ဖြစ်လာခြင်း ဖြစ်ပေလိမ့်မည်။ ဒုတိယအမြင်အရ ဆိုလျှင် လူသတ်သမားအဖြစ် ဘုရားသခင်က ဖန်ဆင်းခဲ့၍ (သို့မဟုတ်) ဘုရားသခင် အလိုတော်အတိုင်း လူသတ်သမား ဖြစ်နေရခြင်း ဖြစ်ပေမည်။ တတိယအမြင်အရ ဆိုလျှင် အကြောင်းရင်း မရှိဘဲ လူသတ်သမား ဖြစ်နေရခြင်း ဖြစ်မည်။ ဤအမြင်သုံးမျိုးကို လက်ခံယုံကြည်ထားပါက မိမိတို့၏ ညစ်ထေးသည့် စိတ်ထား၊ အပြောအဆို၊ အပြုအမူတို့ကို ပြုပြင်ရန် “လုပ်သင့်သည်ကို လုပ်ရန်၊ မလုပ်သင့်ကို မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးစားအားထုတ်မှုတို့ ဖြစ်ပေါ်လာမည် မဟုတ်တော့။ မည်သည်ကို လုပ်သင့်၍၊ မည်သည်ကို မလုပ်သင့်ဟုလည်း မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ သိနိုင်တော့မည် မဟုတ်။ လုပ်သင့် မလုပ်သင့်ကို သတိဖြင့် စောင့်စည်း ထိန်းသိမ်းနေမည်လည်း မဟုတ်တော့။” ထို့ကြောင့် ထိုအမြင် ၃-မျိုးတို့ကို (တာဝန်ယူစိတ် ကင်းသည့် အမြင်များအဖြစ်) တိတ္ထာယတနသုတ်တွင် ငြင်းပယ်ထားသည်။

ဤနေရာတွင် အရာရာသည် ကံကြောင့် ဖြစ်ပေါ်လာရသည်ဟူသည့် ပထမအမြင်သည် ဗုဒ္ဓ၏ ကမ္မဿကတဝါဒနှင့် မတူကြောင်း သတိပြုရန်လိုသည်။ ကံတရားတိုင်း၏ အကျိုးဆက်သည် မိမိတွင် တာဝန်ရှိသည် မှန်သော်လည်း၊ ဖြစ်ပေါ် ခံစားနေရသမျှသည် ကံတရားကြောင့်သာ ဖြစ်ရသည် မဟုတ်။ ကံတရားသည် အကြောင်းတရားများအနက်မှ တခုသော အကြောင်းသာ ဖြစ်သည်။ တိတ္ထာယတနသုတ် ပထမပိုင်းတွင် မှားယွင်းသည့် အမြင် ၃-မျိုးကို ငြင်းပယ်ထားပြီးနောက်၊ ဒုတိယပိုင်းတွင် မှန်ကန်သည့် အမြင်ကို ပြရန်အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားထားသည်။ သို့သော် သိပ်နက်လွန်းသွားမည် စိုး၍ Sutta Study ကောက်နှုတ်ချက်တွင် မထည့်ဘဲ ချန်လှပ်ခဲ့ရပါသည်။

တတိယရွေးချယ်ခဲ့သည့် ဒီဃဇာဏုသုတ်သည် မျက်မှောက်နှင့် တမလွန် ကောင်းကျိုးချမ်းသာကို ရစေနိုင်မည့် နည်းလမ်းကို ညွှန်ပြထားသည်။ မျက်မှောက် ကောင်းကျိုးချမ်းသာအတွက် (၁) ကုသိုလ်၊ ပညာ၊ ဥစ္စာရှာဖွေရာတွင် ထကြွနိုးကြားမှု ရှိခြင်း (ဥဋ္ဌာနသမ္ပဒါ) (၂) ရရှိထားသည့် စည်းစိမ်ဥစ္စာတို့ကို စောင့်ရှောက်မှု ရှိခြင်း (အာရက္ခသမ္ပဒါ) (၃) အတုယူထိုက်သည့် သဒ္ဓါ, သီလ, စာဂ, ပညာနှင့် ပြည့်စုံသည့် မိတ်ဆွေကောင်း ရှိခြင်း (ကလျာဏမိတ္တတာ) (၄) ဝင်ငွေထွက်ငွေကို မျှတစွာ သုံးစွဲအသက်မွေးခြင်း (သမဇီဝိတတာ) ဟူသည့် သမ္ပဒါတရားလေးပါးနှင့် ပြည့်စုံစေရသည်။ တမလွန် ကောင်းကျိုးချမ်းသာကို ရစေရန်အတွက် (၁) သဒ္ဓါ (၂) သီလ (၃) စာဂ (၄) ပညာဟူသည့် သူတော်ကောင်းတရား လေးပါးကို ပြည့်စုံစေရသည်။ ဤနေရာတွင် အထက်က ပြခဲ့သည့် ကလျာဏမိတ္တတာသည် ဤသူတော်ကောင်းတရား လေးပါးအရာတွင် အားကျအတုယူလောက်သည့် မိတ်ဆွေကောင်းမျိုးနှင့် ပြည့်စုံခြင်းကို ဆိုလိုကြောင်း တွေ့နိုင်သည်။ ပညာသမ္ပဒါတွင် ပညာသည် သာမန် ဗဟုသုတအသိပညာမျိုး၊ တွေးခေါ်မျှော်မြင်မှုမျိုးမျှကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းသဘောကို ထိုးထွင်းသိမြင်သည့် ဝိပဿနာပညာမျိုးကို ဆိုလိုကြောင်းတွေ့ရမည် ဖြစ်သည်။

မျက်မှောက်ဘဝ အကျိုးစီးပွားများကို ဖြစ်စေနိုင်သည့် ဘဝနေထိုင်နည်းမှသည် လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ရရှိစေရန် ဝိပဿနာတရားပွားများ အားထုတ်ရန် လမ်းညွှန်သည့် သုတ္တန်ဖြစ်သဖြင့် လူငယ်တရားစခန်းအတွက် သင့်တော်မည်ဟု ယူဆသောကြောင့် ဒီဃဇာဏုသုတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒီဃဇာဏုသုတ်သည် လောကီနှင့် လောကုတ္တရာကို မျက်မှောက်နှင့် တမလွန် (ဒိဋ္ဌဓမ္မိက-သမ္ပရာယိက) ဟူသည့် အချိန်ကာလရှုထောင့် (temporal aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုလျှင် စတုတ္ထမြောက် ရွေးချယ်ခဲ့သည့် သေဒကသုတ်သည် လောကီနှင့် လောကုတ္တရာကို မိမိနှင့် သူတပါးဟူသည့် အတွင်း-အပြင်ရှုထောင့် (spatial aspect) မှ ရှုမြင်သည့် သုတ်ဖြစ်သည်ဟု ဆိုနိုင်သည်။

သေဒကသုတ်သည် ဝါးတိုင်ထိပ်ဖျားတွင် ဂျွမ်းကစား၍ ကပြဖျော်ဖြေရသည့် ဆရာတပည့်နှစ်ဦးကို ပုံဆောင်ကာ ဟောကြားထားသော သုတ်ဖြစ်သည်။ အန္တရာယ် မဖြစ်စေရန်အတွက် တဦးကို တဦး လုံခြုံအောင် စောင့်ရှောက်ပြီး ကပြကြရန် ဆရာက ဆိုသည်။ ထိုအခါ တပည့်က မိမိကိုယ် မိမိလုံခြုံအောင် စောင့်ရှောက်၍ ကပြကြရန် ဆိုသည်။ ဤအဆိုနှစ်ရပ်တွင် ဗုဒ္ဓက တပည့်ဖြစ်သူ၏ အဆိုကို ပို၍ သဘောကျသည်။ ဗုဒ္ဓဝါဒအရ သူတစ်ပါးကို ကာကွယ် စောင့်ရှောက်ခြင်းထက် မိမိကိုယ်ကို အားကိုးခြင်း၊ မိမိကိုယ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်းကို လေးထားသည်။ မိမိကိုယ်ကို မိမိ လုံခြုံအောင် စောင့်ရှောက်လျှင် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်။ သူတပါးကို စောင့်ရှောက်ရာတွင်လည်း မိမိကိုယ် မိမိ လုံခြုံအောင် စောင့်ရှောက်ရာရောက်သည့် နည်းမျိုးဖြင့် စောင့်ရှောက်ရသည်။ သူတပါးကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ အစဉ်သနားခြင်းတို့ဖြင့် စောင့်ရှောက်လျှင် မိမိကိုယ်ကို စောင့်ရှောက်ရာလည်း ရောက်သည်၊ သတိပဋ္ဌာန်တရား လေးပါးကို ပွားများဖြင့် မိမိကို မိမိ စောင့်ရှောက်သူသည် သူတပါးကို စောင့်ရှောက်ရာလည်း ရောက်သည်ဟု ဟောကြားထားသည်။ တနည်းအားဖြင့် လောကီသဘောအရ ပတ်ဝန်းကျင်ဖြင့် ဆက်ဆံရာတွင် ဗြဟ္မစိုရ်တရားလေးပါးကို အခြေခံရသည်။ လောကုတ္တရာသဘောအရ မိမိ၏ အားကိုးအားထားအဖြစ် သတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းကို အခြေခံရသည်။

တရားအားထုတ်ရာတွင် ဖြစ်စေ၊ အခြားသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လမ်းချော်သွားစေနိုင်သည့် အဖျက်စိတ်များ (destructive thoughts) ဝင်လာတတ်သည်။ မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ သွေဖီသွားစေနိုင်သည့် အတွေးများကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို ဝိတက္ကသဏ္ဌာနသုတ်က လမ်းညွှန်ပေးသည်။ (၁) အဖျက်အတွေးများ ပေါ်လာပါက အပြုသဘောဆောင်သည့် အာရုံများကို ပြောင်း၍ နှလုံးသွင်းရသည် (၂) အဖျက်အတွေးများ၏ အပြစ်ကို စက်ဆုပ်ဖွယ်ဖြစ်လာအောင် ဆင်ခြင်ရသည်။ (၃) အဖျက်အတွေးများကို နှလုံးမသွင်းဘဲ နေရသည်။ (၄) မရပါက ထိုအဖျက်အတွေးတို့ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ဆင်ခြင်၍ ထိုအတွေးများ တဖြည်းဖြည်း ငြိမ်ဝပ်သွားစေရန် အားထုတ်ရသည်။ (၅) မည်သို့မျှ မရခဲ့လျှင် နောက်ဆုံးအဆင့်အနေဖြင့် အံကို ကြိတ်ကာ မိမိ၏ စိတ်အင်အား (will-power) ကို အသုံးချ၍ အတွေးဆိုးများကို ဖယ်ထုတ်ရသည်ဟု နည်းလမ်း ၅-သွယ်ကို ဥပမာများဖြင့် ဝိတက္ကသဏ္ဌာနသုတ်တွင် ရှင်းလင်းထားသည်။ ဘဝအောင်မြင်မှုအတွက် IQ ထက် စိတ်ဓာတ်ကြံ့ခိုင်မှု (Grit) က ပို၍ အရေးပါကြောင်းကို သုတေသနပြုရင်း ထင်ပေါ်ကျော်ကြားလာခဲ့သည့် စိတ်ပညာရှင် Angela Duckworth ၏ “Self-Control in School-Age Children” စာတမ်းတွင် လမ်းညွှန်ထားသည့် နည်းလမ်းများနှင့် အတော်လေး နီးစပ်နေသည်ကို တွေ့ရသည်။ မိမိကို မိမိ အောင်မြင်ခြင်းသည် အခြားသော အောင်မြင်မှုများထက် ပို၍ အဖိုးထိုက်တန်သဖြင့်၊ ဝိတက္ကသဏ္ဌာနသုတ်ကို လူငယ်တို့ ဖတ်စေလိုသော ဆန္ဒဖြင့် ရွေးချယ် ဖြစ်ခဲ့ပါသည်။

တရားစခန်းဝင်သည့် လူငယ်များ သုတ္တန်တို့နှင့် တရင်းတနှီး မိတ်ဆွေဖြစ်ကာ ဆက်လက် ဖတ်ရှုဖြစ်ကြသလားတော့ မသိပါ။ တွေ့ဖူး သိဖူးရုံမျှ ဖြစ်ခဲ့လျှင်လည်း အကျိုးတော့ မနည်းတန်ရာဟု ယူဆမိပါသည်။






Sunday, February 4, 2018

Note on Active Reading & Active Learning

တက္ကသိုလ်မှ စာပေသင်ကြားပို့ချမှုနှင့် ပတ်သက်၍ (အမေရိကန် စာရေးဆရာ Mark Twain ပြောဖူးသည့်) စကားတခု ရှိသည်။ “လက်ချာဆိုသည်မှာ ဆရာနှင့် ကျောင်းသားတို့၏ ဦးနှောက်တို့ကို မသုံးလိုက်ရဘဲ ဆရာ၏ စာအုပ်ထဲမှ မှတ်စုများက ကျောင်းသား၏ မှတ်စု စာအုပ်ထဲသို့ ရောက်သွားသည့် ဖြစ်စဉ်တခုဖြစ်သည်” ဟူ၏။ ဤစကားနှင့် ဆက်စပ်၍ မော်တီမာ အက်ဒလာ (Mortimer Adler) က “How to Read a Book: The Art of Getting a Liberal Education” စာအုပ်တွင် ဦးနှောက်မသုံးဘဲ လက်ချာလိုက်ခြင်းနှင့် ဦးနှောက်မသုံးဘဲ စာဖတ်ခြင်းတို့ကို နှိုင်းယှဉ်ပြထားသည်။ စာဖတ်ရာ၊ လက်ချာလိုက်ရာတွင် ဗဟုသုတ အချက်အလက်တို့ ရရုံသာမက နားလည်သဘောပေါက်ရန်လည်း လိုအပ်သည်။ နားလည် သဘောပေါက်ရန် အသိဉာဏ်ပွင့်လင်းရန် အတွက်ဆိုလျှင် စိတ်ကို အလုပ် မပေးဘဲ လက်ချာလိုက်၍ မရ၊ စာဖတ်၍ မရ။

စိတ်ကို အလုပ်ပေးသည့် စာဖတ်နည်းကို ရှင်းပြရန် အက်ဒလာက သူ့စာသင်ခန်းမှ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချသည်။ အက်ဒလာ၏ စာသင်ခန်းအတွင်းမှ ကျောင်းသားတို့အား ဆွေးနွေး မေးမြန်းသွားသည်များမှာ စာအုပ်တအုပ်၊ ဘာသာရပ်တခု၊ အကြောင်းအရာ တမျိုးတည်းအတွက်သာ အသုံးတဲ့သည် မဟုတ်။ အတော်လေး ယေဘုယျကျသည့် ဆွေးနွေးမေးမြန်းချက်များ ဖြစ်နေပါသည်။ ထိုအကြောင်းကို ဖတ်ရင်း အင်္ဂုတ္တရနိကာယ်မှ စာတကြောင်းက အတွေးထဲသို့ ဝင်လာသည်။

သော တဿ ဗဟုကဿ သုတဿ အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ.၄.၆၊ အပ္ပဿုတသုတ်)
ထို အကြားအမြင် ဗဟုသုတများသူသည် အနက်ကို သိ၍ တရားကို သိ၍ တရားနှင့်လျော်ညီသော အကျင့်ကို ကျင့်သူဖြစ်၏။

ပိဋကတ်ပါဠိတော်လာ ဖြစ်သည့်အတွက် လောကုတ္တရာတရားကို ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူး ပြောနေရန် မလိုပါ။ သို့သော် ဤနေရာတွင် ယင်းဠိဝါကျ၏ အနက်အဓိပ္ပါယ်နှင့် အက်ဒလာ၏ ဆွေးနွေးမေးမြန်းချက်များကို ဆက်စပ်ကာ လောကီရှုထောင့်မှနေ၍ စာဖတ်နည်း၊ စာပေလေ့လာသင်ယူနည်း လမ်းညွှန်အဖြစ် တင်ပြလိုပါသည်။

တရားနာယူရာ၊ သင်ခန်းစာပို့ချချက်တို့ကို နားထောင်ရာတွင် ဖြစ်စေ၊ စာအုပ် တအုပ်အုပ်ကို ဖတ်ရှုရာတွင် ဖြစ်စေ၊ ပထမအဆင့်အနေဖြင့် ဓမ္မကထိက ဆရာပြောသွားသည့် သို့မဟုတ် စာရေးသူ ရေးသားတင်ပြသည့် အချက်အလက်အကြောင်း အရာများကို ဗဟုသုတအသိအနေဖြင့် ဦးစွာ ရရှိသည်။ သမိုင်းစာအုပ် ဖြစ်လျှင် သမိုင်းဖြစ်ရပ်များ၊ သက္ကရာဇ်နေ့စွဲများကို သိရမည် ဖြစ်သည်။ ဝတ္ထုတအုပ် ဖြစ်လျှင် ဇာတ်လမ်းဇာတ်ကွက်များ၊ ဇာတ်ကောင်များ၊ ဇာတ်ကောင်စရိုက်များ၊ ခေတ်နောက်ခံ ယဉ်ကျေးမှုနှင့် ဇာတ်ကောင်တို့ ပြောဆိုသွားသည့် စကားများကို သိရမည် ဖြစ်သည်။ ယင်းတို့သည် စာတွင် ရေးထားသည့်အတိုင်း သိခြင်း ဖြစ်၍ သဒ္ဒါအနက် (သဒ္ဒတ္ထ) ကို သိခြင်းဟု ခေါ်နိုင်သည်။

ထို့နောက် သဒ္ဒါအနက်၌သာ ရပ်မနေဘဲ နာကြား မှတ်သားရသည့် စကား၊ ဖတ်ရှုလေ့လာရသည့် စာ၏ အနက်ကို စူးစမ်းဆင်ခြင်ရသည် (သုတာနုသာရေန အတ္ထူပပရိက္ခာယ)။ စာရေးသူက ဘာကြောင့် ဤသို့ ရေးရသည်၊ ဘာကို ဆိုလိုသည်ကို နားလည်အောင် အားထုတ်ရသည်။ စာမှ တဆင့် စာရေးသူ၏ နှလုံးသားနှင့် စေတနာကို မြင်အောင် ကြည့်ရသည်။ စာရေးသူနှင့် စာဖတ်သူတို့၏ အကြားတွင် စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်ရာ စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် တခါတရံတွင် ထိုစကားလုံးများကပင် စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားများလည်း ဖြစ်နေနိုင်ပါသည်။ ဦးနှောက်ကို အလုပ်ပေး၍ အားထုတ်မှသာ ထိုအတားအဆီးကို ကျော်လွှားပြီး စာ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်သည်။ ထိုသို့ စာရေးသူ၏ ရည်ရွယ်ချက်နှင့် စာ၏ ဆိုလိုရင်း အာဘော်ကို ထုတ်နိုင်သည်ကို အဓိပ္ပါယ်အနက် (အဓိပ္ပါယတ္ထ) ကို သိခြင်းဟု ဆိုနိုင်ပါသည်။ အထက်တွင် ထုတ်ပြခဲ့သော အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “အနက်ကို သိခြင်း (အတ္ထမညာ)” ဟု သုံးနှုန်းထားသည်။

အနက်သဘောကို သိမြင်ပြီးနောက် ယင်းထက် ပို၍ အခြေခံကျသည့် အကြောင်းရင်း ဓမ္မ (underlying principles)၊ ဖြစ်မြဲ ဓမ္မတာသဘောတရားတို့ကို စူးစိုက်ဆင်ခြင်ရသည်။ ထိုအခါတွင် သိမြင်လာသည့် ဓမ္မသဘောတို့ အလျောက် အသင့်အတင့် နှလုံးသွင်းလက်ခံနိုင်လာသည် (ဓမ္မာနိဇ္ဈာနံ ခမန္တိ)။ လောကုတ္တရာ ရှုထောင့်မှ ပြောရလျှင် ဓမ္မတာသဘောကို သိမြင်ခြင်းသည် အကြောင်းအကျိုးဆက် ပဋိစ္စသမုပ္ပါဒ သဘောတရားကို သိမြင်ခြင်း ဖြစ်သည် (ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ သော ဓမ္မံပဿတိ)။ ပဋိစ္စသမုပ္ပါဒကို သိမြင်ခြင်းသည် ကံ-ကံ၏ အကျိုးကို သိမြင်နားလည်ခြင်း ဖြစ်သည် (ပဋိစ္စသမုပ္ပါဒဒဿာ၊ ကမ္မကောဝိဒါ)။ ထိုသို့ ပဋိစ္စသမုပ္ပါဒ၊ ကမ္မနိယာမ စသည့် ဓမ္မသဘောတို့ကို သိမြင်နားလည်မှ ဗုဒ္ဓမြတ်စွာကို ဖူးမြင်ရသည်ဟု ဆိုနိုင်ကြောင်း ဝက္ကလိရဟန်းအား မိန့်မှာဖူးသည် (ဓမ္မံ ပဿတိ သော မံ ပဿတိ)။ ထို့ကြောင့် လောကုတ္တရာနယ်အရ အတ္ထကို သိမြင်ခြင်းမှ ကျော်လွန်ကာ ဓမ္မကို သိမြင်သော အဆင့်သည် အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။

လောကီရှုထောင့်အရ ဆိုလျှင်လည်း နိယာမသဘောတို့ကို သိမြင်နားလည်ခြင်းက အလွန်ပင် အရေးပါသည်။ သမိုင်းစာအုပ်ကို ဖတ်သူသည် သမိုင်းနိယာမကို နားလည်သဘောပေါက်၍ သမိုင်းအမြင် ရရှိလာရန် ဖတ်ရှုရသည်။ သိပ္ပံပညာစာပေကို ဖတ်ရှုလေ့လာသူသည် သိပ္ပံနိယာမများကို နားလည် သဘောပေါက်ရန် အားထုတ်ရသည်။ ထိုသမိုင်းနိယာမများ၊ သိပ္ပံနိယာမများကို လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ဆက်စပ် နားလည်နိုင်ရန် ကြိုးပမ်းရသည်။ ဝတ္ထုစာပေ ဖတ်ရှုသူသည် ဇာတ်ကောင်တို့၏ စရိုက်သဘာဝများ၊ ဇာတ်လမ်းများမှ တဆင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသည့် တကယ့် လူများတွင်လည်း စာထဲတွင်တွေ့ရသည့် လူ့ဘဝ၊ လူ့မနောတို့ ရှိနေသည်ကို သတိပြုမိလာမည် ဖြစ်သည်။ အခြားဖတ်ဖူးသည့် စာများတွင် တွေ့ရသည့် လူ့သဘာဝတို့နှင့်လည်း ဆက်စပ် နားလည်လာသည်။ စာပေမှရသည့် ပတ်ဝန်းကျင်သတိကို အခြေခံကာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အကြောင်းအကျိုးတို့ကို သိမြင်နားလည်လာသည်။ ဤသို့ ပတ်ဝန်းကျင်သတိနှင့် ဘဝအသိအမြင်တို့ ရရှိလာခြင်းကို စာ၏ ဘာဝတ္ထအနက်ကို သိခြင်း (တနည်း) ပန်းတိုင်အနက်ကို သိခြင်းဟု ခေါ်သည်။ အင်္ဂုတ္တရနိကာယ်မှ ပါဠိဝါကျတွင် “ဖြစ်မြဲ ဓမ္မတာ နိယာမ သဘောတရားကို သိခြင်း (ဓမ္မမညာ)” ဟု သုံးနှုန်းထားသည်။

လောကသဘော၊ လူ့သဘောကို နားလည်၍ ဘဝအသိအမြင်ရှိသူသည် မိမိလက်ခံထားသည့် အသိအမြင်၊ ယုံကြည်ထားသည့် မူအတိုင်း လိုက်နာကျင့်သုံး နေထိုင်နိုင်ရန် ကြိုးပမ်းရသည်။ C.S. Lewis ပြောဖူးသည့် စကားကို ငှား၍ သုံးရလျှင် လောကတွင် နိယာမသုံးခု ရှိသည်။ လူသားသည် ကမ္ဘာ့ဆွဲငင်အား နိယာမကဲ့သို့ သဘာဝနိယာမများ (natural laws) ကို သက်မဲ့ရုပ်ဝတ္ထုများ နည်းတူ လိုက်နာကြရသည်။ ထို့အတူပင် အခြားသော တိရစ္ဆာန်များ နည်းတူ ဇီဝဗေဒနိယာမများ (biological laws) ကို လိုက်နာကြရသည်။ အကောင်းအဆိုး၊ အမှားအမှန်ကို အခြေခံသည့် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသော ကိုယ်ကျင့်နိယာမများ (moral laws) ကမူ လူသားတို့နှင့်သာ သက်ဆိုင်သည်။ လူသည် ပထမနိယာမ နှစ်မျိုးကို မလိုက်နာဘဲနေရန် ရွေးချယ်ပိုင်ခွင့် မရှိ။ ဥပမာ အမြင့်မှ ပြုတ်ကျသည့် လူတဦးသည် “ငါ ဆက်၍ ပြုတ်ကျရင် ကောင်းမလား၊ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ဟု ရွေးချယ်ပိုင်ခွင့် မရှိ။ သို့သော် “ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့်” ဟူသည့် လ့ူသဘာဝနိယာမကိုမူ ရွေးချယ်ပိုင်ခွင့် ရှိသည်။ မလိုက်နာဘဲ နေချင် နေနိုင်သည်။ ခရစ်ယာန်တို့က ထာဝရဘုရားရှင် ဖန်ဆင်းထားသည့် လူသားသည် ထိုဘုရားရှင် ချမှတ်ထားသည့် နိယာမတို့ကို လိုက်နာမှသာ ခရစ်ယာန်ပီသမည်ဟု ခံကြယူသည်။ ထို့အတူ ဘာသာမဲ့ လူသားဝါဒီတို့ကလည်း လူသားပီသရန် လူ့ကိုယ်ကျင့်နိယာမများကို လိုက်နာသင့်သည်ဟု ယူဆမည်။ ဗုဒ္ဓဘာသာဝင်များအတွက်လည်း ဗုဒ္ဓဘာသာဝင်ကောင်း တဦးဖြစ်ရန် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသည့် အဆုံးအမကို လိုက်နာရမည် ဖြစ်သည်။ အကယ်၍ မလိုက်နာပါကလည်း ကမ္မနိယာမအရ မိမိတို့ ရွေးချယ်မှု၏ အကျိုးဆက်ကို တချိန်ချိန်တွင် တနည်းနည်းဖြင့် ရင်ဆိုင်ရမည်ဟု လက်ခံယုံကြည်သည်။ ထို့ကြောင့် လူ့သဘာဝနိယာမကို သိမြင်လက်ခံသူ တနည်း ဓမ္မအမြင်ရှိသူသည် ထိုဓမ္မအမြင်နှင့် သင့်တော် လျောက်ပတ်စွာ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ ဤသည်ကိုပင် အထက်တွင်ကိုးကားခဲ့သည့် ပါဠိဝါကျအရ “တရားသဘောနဲ့ အညီကျင့်သုံး နေထိုင်ခြင်း (ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)” ဟုဆိုသည်။ လောကီရှုထောင့်အရ ဆိုလျှင်လည်း မိမိတို့ သိမြင်လက်ခံသည့် လောကအမြင်၊ သမိုင်းအမြင်၊ နိုင်ငံရေးအမြင်၊ သိပ္ပံအမြင်တို့နှင့် လိုက်လျောညီထွေ ကျင့်သုံးနေရသည်။ ထိုအမြင်တို့ကို လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ကြိုးပမ်းရသည်။

အချုပ်အားဖြင့် ဆိုလျှင် ဆရာ့ မှတ်စုကို လိုက်ကူးရုံ သက်သက် စာပေသင်ယူမှုမျိုး၊ ဇာတ်လမ်းသိရုံ ဗဟုသုတရရုံ စာပေဖတ်ရှုမျိုးမှ တဆင့်တက်လိုပါက စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်လိုသည်။ စိတ်ကို အလုပ်ပေးသည့် စာသင်ယူခြင်း၊ စာဖတ်ရှုခြင်း ဖြစ်ရန်အတွက် အောက်ပါ မေးခွန်း ၅-မျိုးကို ထုတ်၍ မိမိ၏ စိတ်ကို လှုံ့ဆော်ကာ အလုပ်ပေးနိုင်ပါသည်။

(၁) စာမှ မည်သည့် အချက်အလက်များ မည်သည့် ဗဟုသုတများ ရပါသလဲ (knowledge and information)
(၂) ယင်းတို့သည် မည်သို့ အရေးပါ၍၊ မည်သည့် အနက်အဓိပ္ပါယ်များ သက်ရောက်ပါသလဲ (significance and meanings)
(၃) မိမိဘဝအတွေ့အကြုံ၊ အခြားသော ဖတ်ဖူးသည့် စာ၊ ကြားနာမှတ်သားဖူးသည့် ဗဟုသုတတို့နှင့် ဆက်စပ် ကြည့်နိုင်ပါသလား (awareness, observation and generalization)
(၄) နောက်ခံ ဗဟုသုတ၊ အတွေ့အကြုံများနှင့် ဆက်စပ်ဆင်ခြင်ပြီး အရင်းခံကျတဲ့ နိယာမသဘောတရားကို ထုတ်ဖော်နိုင်ပါသလား။ မည်သည့် လောကအမြင်၊ ဘဝအမြင်မျိုး ရှိသင့်ပါသလဲ (underlying principle and world view)
(၅) လူ့လောကနိယာမ၊ သဘာဝနိယာမတို့ကို လက်တွေ့တွင် မည်သို့ ပြန်လည် အသုံးချနိုင်ပါသလဲ။ မိမိသိမြင်လက်ခံထားသည့် လောကအမြင်၊ ဘဝအမြင်တို့ အတိုင်း ကျင့်သုံး နေထိုင်ရန်အတွက် မည်သည့် အချက်များကို ပြုပြင်သွားသင့်ပါသလဲ့။ လူ့လောကသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်ရန် မည်သို့ နှလုံးသွင်း နေထိုင်သင့်ပါသလဲ။ (application of the principle, or living with the principle)

စာညွှန်း။
Mortimer Adler - How to Read a Book: The Art of Getting a Liberal Education
ဦးရွှေအောင် - စာဖတ်သူများ
ဇော်ဂျီ - ရသစာပေ၏ သဘော